" သားအိမ်ထဲက ရေအိတ်နှင့် အကျိတ်ကို ဖယ်ရှားပေးနိုင်ခဲ့တဲ့ စွမ်းထက်သုံးဝင် တောင်လုံးကျော်ပင် "
နွယ်မြက်သစ်ပင်တို့သည် လူတို့အား အကျိုးပြုကြ၏။ဤဆောင်းပါးတွင် ထူးခြားသော ဆေးပင်တစ်ပင်၏အကြောင်းကို ကိုယ်တွေ့ပျောက် ကင်းချမ်းသာမှရ သည့် အတွက် ခုနစ်ရက်သား သမီး များ ကျန်းမာချမ်းသာစေရန်ရေးသားမျှဝေပေးခြင်းဖြစ်သည်။
ဆေးပင်အမည်မှာ ”တောင်လုံးကျော်”ဟုသိရသည်။ အချို့အမည်အရင်းကိုမသိကင်ဆာရောဂါကို လက်တွေ့ပျောက်ကင်းခဲ့သောကြောင့် ကင်ဆာဆေးပင်ဟုခေါ်ကြသည်။ အချို့အရပ်ဒေသ အခေါ် အကျိတ်ကြေပင်ဟုခေါ်ကြသည်။ စာရေးသူလေ့လာစူးစမ်း၍ သိရသလောက်ရင်သားအကျိတ်များကို နုလျှင် မခွဲစိတ်ရဘဲ ကြိတ် ထောင်း၍အုံပေးရခြင်း၊ အနည်းငယ်ထောင်း၍ တိုက်ကျွေးပေးခြင်းများပြုလုပ်ပေးလျှင် အတွင်းအကျိတ်နာများ သိသိသာသာလျော့ကျပျောက်ကင်းခြင်းများကို သုံးစွဲသူ ကိုယ်တိုင်ပြောကြား၍ သိခဲ့သည်။ ထို့ပြင်အဆိပ်ရှိသောအကောင်ကိုက်၍ ပွတ်ခြေပြီး အုံပေးရာအဆိပ်ကျဆင်းကြောင်းကိုလည်း ကြုံတွေ့ရဖူးသည်။ ထို့ကြောင့် အများ အားဖြင့်အဆိပ်ပြေပင်ဟုလည်း ခေါ်ဝေါ်သုံးစွဲကြသည်။
ဆေးပင်၏ပုံသဏ္ဌာန်မှာ ရိုးတံမာ၍အကြောများဖြင့် တည်ဆောက်ထားသောပင်ပျော့မျိုးဖြစ်၏။ အပင်၏အမြင့်မှာ အများအားဖြင့် ငါးပေခွဲ ခြောက်ပေခန့် အထိမြင့် တက်ပြီးနွဲ့နှောင်းကိုင်းညွ တ်သော အပင်ဖြစ်သည်။အရွက်မှာ အစိမ်းရင့်ရောင်ဖြစ်ပြီးအနည်းငယ်ဝိုင်း၍ ထိပ်ပိုင်းတွင်ချွန်သည်။
အနားသတ်အထစ်ထစ်အတွန့်ကလေးများပါရှိ၍ ခေါင်ရန်းပင်အသေးစားအရွက်နှင့်ဆင်တူသည်။ ရေသုံးသော နေရာများတွင်တစ်တောင်ခန့်အရိုးရင့်ရင့်ကို ထိုးစိုက်ရုံ မျှဖြင့်ရှင်သန်နိုင်သော အပင်ဖြစ်သည်။ အရွက်မှာအလွန်ကြွေခဲ၍ စိမ်းရွှေရွှေနှင့်အနံ့ပြင်းပြသောအပင်ဖြစ်သည်။ အရွက်မှာ ရွက်ဆိုင်ထွက်သည်။ အပွင့်မှာပွင့်ခဲလှသည်။ ပွင့်လျှင်အဖြူရောင်အဆုပ်လေးများပွင့်ပြီး အသီးမှာ စာရေးသူတို့ ငယ်စဉ်က ဝါးပြွတ်တန် ကလေးထဲထည့်၍ ဖောက်ကစားသောဘောင်ဘောင်သီးနှင့်ဆင်တူ၏။
ဆေးပင်၏ ဂုဏ်သတ္တိကိုကြည့်လျှင်စပ်ဖျဉ်းဖျဉ်းရှိ၏။လက်နှင့်ပွတ်ခြေလျှင် စေးချွဲ၏။ သလိပ်နှင့်လေကိုနိုင်၏။ ကြေညက်လွယ်၏။ အပူနာများကို နိုင်နင်း၏။ ဆီးအောင့် နာ၊ သည်းခြေနာ၊ ဝမ်းတွင်းကလီစာနှင့်သက်ဆိုင်သော အနာများကို အကျိုးပြု၏။ ခန္ဓာကိုယ်တွင်းအကျိတ်အခဲများကိုရေအနည်းငယ်နှင့် ကြိတ်ထောင်း၍ စတီးဇွန်း နှစ်ဇွန်း ခန့် တိုက်ကျွေး၍ ဆီးနှင့်သက် ဆိုင်သော အဖောအရောင်ရောဂါများကိုလက်တွင်းတစ်ဆုပ်ခန့် သုံးခွက်တစ်ခွက်တင်ကျိုတိုက်ခြင်းဖြင့် ဆီးပေါပေါသွား၍ အဖောအရောင်လျော့ကျစေသည်။
စာရေးသူ၏ကိုယ်တွေ့ကိုတင်ပြရလျှင်လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က စာရေးသူတို့တာဝန်ကျရာ ကွမ်းခြံကုန်းမြို့လေးသို့မိသားစုပြောင်းရွှေ့ခဲ့ရသည်။ ထိုအချိန်တွင် သမီးငယ် မှာ ကိုး တန်းကျောင်းသူမျှသာရှိသေးသော်လည်း အချိန်ရှိသရွေ့ ကျန်းမာရေးမကောင်းပေ။ မိန်းကလေးတို့ သဘာဝလစဉ်ပုံမှန်ရှိရမည့်အစား လာလိုက် ပျောက်လိုက်နှစ်လခန့်ကျော်သွားလိုက်ဖြင့် ပုံမှန် ကျန်း မာရေးကိုမရရှိပါ။ စာရေးသူလည်း သမီးငယ်သေး၍မမှန်သေးတာဖြစ်မည်။ ဖြစ်တတ် သည့်သဘာဝ ရှိခြင်း ကြောင့် ဟု ဆိုကာသာမန်တိုင်းရင်းသွေးညှိဆေးနှင့် ရှားစောင်း လက် ပပ်ဆေး တို့ ကိုသာ တိုက်ကျွေးခဲ့သည်။
သို့သော်အခြေအနေမှာ မထူးခြားလာပါ။နောက်ပိုင်းတွင် ဓမ္မတာထိန်ကျန်ခြင်းများမရှိတော့ဘဲ များများလာ၍ တော်ရုံဖြင့်မပြီးတတ်တော့ပေ။ တစ်လနှင့် တစ်လရာ သီသွေးမှာ တရစပ်ဖြစ်ပြီး ရက်ခြားလျှင် သုံးရက်ခန့်သာရှိသည်။
ထို့ကြောင့် သမီးကိုကောင်းနိုးရာရာအမည်ရတိုင်းရင်းဆရာများနှင့် ကုကြည့်သည်။ဓာတ်စာများလည်းကျွေးသည်။လစဉ်တိုင်းပင်လိုအပ်လျှင် လိုသလို နီးစပ်ရာဆေးရုံဆေးခန်းတွင် အကြောဆေး သွင်းခြင်း၊သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသမှုခံယူခြင်းများပြုလုပ်သော်လည်း သမီးဆယ်တန်းနှစ်ရောက်သည့်အထိ သက်သာပျောက် ကင်းခြင်း အလျင်မရှိပေ။ ကျောင်းမှာလည်း ပျက်ရက် များသောကြောင့် ကျောင်းခေါ်ချိန်မပြည့်မီပါ။သက်သာသလိုရှိသောနေ့များ၌ ကျောင်းသွားတက်ပြန်ရင်လည်း လှုပ်ရှား လိုက်သည်နှင့်ရေသွန်သကဲ့သို့ ထွက်ကျပြန် သည်။
ထိုအခါကျန်းမာရေးဗဟုသုတနှင့် မပြည့်စုံသောဆရာမများကြားတွင် ဘာလိုလိုဝေဖန်ခံခဲ့ရသေးသည်။ ရန်ကုန်မြို့သို့ခေါ်လာ၍မီးယပ်အထူးကုနှင့်ပြသသောအခါ (အာထရာဆောင်း) ရိုက်ကြည့်ရာမှ သားအိမ်တွင်ရေအိတ်နှင့် အကျိတ်ရှိနေကြောင်းသိလိုက်ရသည်။ ဆရာဝန်ကြီးအား ဆယ်တန်းစာမေးပွဲမဖြေခင် ခွဲ၍ရလျှင်ခွဲ ထုတ်ပေးပါရန် ဆွေးနွေးကြည့်သော အခါ ယခုလိုသေးကြောင်းလိုအပ်လျှင် ခွဲပေးမည်ဖြစ်ကြောင်း ယခုပေးသည့် သွေးအားဖြည့်ဆေးခေါ်( တော့ဟီးမား)ကိုသာ တစ်နေ့တစ်ပုလင်းတိုက်ရမည့် အကြောင်းပြောပြီး ၁၅ ရက် တစ်ခါပြန်ပြရန်ပြောသည်။ ထိုအခါ သမီးငယ်မှာဆင်းသမျှသွေးကို အားထပ်ဖြည့်ရုံမှလွဲ၍ အိပ်ရာထဲတွင် တစ်ချိန်လုံး နေနေရသည်။
ထိုသို့နေရင်းနှင့်ပင် သမီးမှာ ဆယ်တန်း စာမေးပွဲကြီး တစ်နှစ် လက်လွတ်ဆုံးရှုံးခံလိုက်ရသည်။ တစ်နေ့တွင် စာရေးသူတို့နေထိုင်သောကွမ်းခြံကုန်းမြို့နယ် မိခင်နှင့်ကလေးဥက္ကဋ္ဌဆရာမဒေါ်သောင်းရီမှ အဖွဲ့၏ရုံးခန်းနောက်တွင်စိုက်ပျိုးထားသော တောင်လုံး ကျော် ပင်မှ အရွက် ကိုထောင်း ၍ တိုက်ရန် အကြံပြုလာသည်။ ၎င်းရုံးရှေ့ရှိ ကွမ်းယာဆိုင်မှ ညီမ တစ်ဦးသည်လည်း ထိုကဲ့သို့ သားအိမ် အလုံးဖြစ်ရာ ဆရာဝန်မှာ တစ်လ အနားယူ အားမွေးပါ။ တစ်လပြည့်လျှင် ပြန်ပြ။ လို အပ်သော စစ်ဆေးမှုများပြုလုပ်ပြီး ခွဲရမည်ဟုပြောလိုက်သည်။
ထိုညီမငယ်မှာ ငွေရေးကြေးရေးကလည်း အခက်အခဲရှိနေပြန် ဆိုင်ပိတ်ထားရလျှင်လည်း စားဝတ်နေရေး အဆင်မပြေလှသောကြောင့် အင်မတန်စိတ်ညစ်ရသည့်အချိန် ဖြစ်ချင်ရာဖြစ် စမ်းသောက်ကြည့် မည်ဟုဆိုသည်။တစ်နေ့နှစ်ကြိမ်ရေနွေးသောက်ပန်းကန်လုံးနှင့်တစ်ဝက်နီးပါးကျဲကျဲလေးထောင်း၍ သောက်ကြည့်ရာ ၁၅ ရက်ခန့် သောက်ပြီးနေရထိုင်ရသည်မှာ ပေါ့ပါး၍ တစ်လပြည့်ပြန်ပြသောအခါ အလုံး မှာသေးသေးမျှသာ ရှိသောကြောင့် ဆရာဝန်များမျက်စိလည်ခဲ့ရသည်။
ဆရာဝန်က”ဘာဆေးတွေ သုံးသေးလဲ”ဟုမေးရာ လူနာမှအမှန်အတိုင်းပြောပြလိုက်သောကြောင့် ခွဲစိတ်ရန်မလိုအပ်တော့ကြောင်း ၎င်းအတိုင်း ဆက်လက်သုံးစေပြီး ရက်ချိန်းမှန်မှန်သာ လာပြ ရန်ပြောခဲ့သည်။ နောက်ပိုင်း၎င်း ကွမ်းယာရောင်းသောညီမလေးမှာလုံးဝပျောက်ကင်းနေကြောင်း သိရသည်။
စာရေးသူမှာလည်း ရှေ့မှာလက်တွေ့သာဓကရှိထားသောကြောင့် သမီးကိုယုံယုံကြည်ကြည်ဖြင့် ဆေးရွက်ကို လက်တစ်ဆုပ်ခူးရေစင်အောင်ဆေးကြော၍ ထောင်းကာမနက်ကို လက်ဖက်ရည် အကြမ်း ပန်းကန်နှင့်တစ်ဝက်နီးနီး ညကိုလည်း ထိုနည်း အတိုင်းပင်ထောင်း၍ အမြန်ပျောက်စေချင်သော ဆန္ဒဖြင့် သရဏဂုံရွတ်ခြင်း၊ သစ္စာပြုခြင်း များပြုလုပ် ၍တိုက်ကျွေး သည်။
၎င်းဆေးရွက်ကို ထောင်းရာတွင်ရေအနည်းငယ်ဆွတ်၍ ထောင်းမှသာအရည်ရနိုင်သည်။ ၎င်း၏ထူးခြားချက်မှာ ထုထောင်းပြီး၍ ပန်းကန်လုံးထဲသို့ ညှစ်ချရာတွင်ချွဲ၍ အပြင်လေနှင့်ထိတွေ့ပြီး ခဲသွားတတ်သည်။ ဝမ်းထဲသို့မျိုချရာတွင် အပူအားများနေသောသူများအဖို့ လည်ချောင်းထဲ၌စပ်ရှားရှားဖြစ်ပြီး ခေတ္တရင်ပူသည့်အတွေ့ကို ခံစားရသည်။ ထိုသို့ ရက်ဆက်သောက်သွားလျှင် ဝမ်း တွင်း အပူငြိမ်း၍ နောက်ပိုင်းသောက်လိုက်သည်နှင့် ရင်ထဲတွင်အေးငြိမ်းသွားသော အသိကိုခံစားရသည်။
ထိုသို့ရက် ၂ဝနီးပါးခန့် သမီးအားတိုက်ကျွေးပြီး ဆရာဝန်ထံသို့ ရက်ချိန်းပြန်ပြရာ အကျိတ်နှင့်အတူ သားအိမ်ရေအိတ်မှာ ကျု၍ံ အလွန်သေးငယ်သွားကြောင်း သိရသည်။ ထိုမှအားဆေးနှင အ ချိန်ခြား၍ ဆက်လက် တိုက်ပေးရာ ယခုအချိန်တွင် ပုံမှန် ကျန်းမာရေးရရှိပြီး ပျောက်ကင်းချမ်းသာနေပြီဖြစ်သည်။
ထို့အတူ စာရေးသူမှာလည်း အသည်းကြီးရောဂါ ခံစားလာရသောကြောင့် ထိုကဲ့သို့ပင် သောက်သုံးရာမှ သိသိ သာသာ ပျောက်ကင်းခဲ့ကြောင်း မေတ္တာလောင်း၍ တင်ပြလိုက်ရပါသည်။
မူရင်းရေးသားသူကို Credit ပေးပါသည်။
0 Comments:
Post a Comment