• Linked In
  • Twitter link
  • Facebook Link
  • Google Plus

ဂျပန်စာသင်ကြားမှုကို အဆင့်(၅)ဆင့်ခွဲခြားထားပါသည်။

ဂျပန်စာသင်ယူမှုကို ဘယ်လောက်အထိ သင်ယူသင့်ပါသလဲ။ 

-------------------------------------------------------------------------------------
အခြေခံအဆင့် (ပထမပိုင်း) ​N5 Level ကို 
သင်ယူသင့်သောသူဆိုသည်မှာ...

ဂျပန်စာကို သင်ယူမည်ဟု စိတ်ဆုံးဖြတ်ပြီးပါက မည်သူမဆို 
အခြေခံအဆင့်(ပထမပိုင်း) N5 Level ကို သင်ယူကြရပါမည်။ 

N5 အဆင့်သည် အလွယ်ကူဆုံးအဆင့်ဖြစ်ပါသည်။ 
N5 အဆင့်တွင် ​စာရေးနည်း၊ စာဖတ်နည်းများကို စတင်သင်ယူပြီး၊  
N5 အဆင့်အတွက် သတ်မှတ်ထားသော ဖတ်စာအုပ်တစ်အုပ်အုပ်ကို သင်ယူရပါမည်။ 
ထို့နောက် တရုတ်ခန်းဂျိစာလုံး အလွယ်ကူဆုံး အလုံး ၁၀၀ ခန့်ကို သင်ယူရပါမည်။ 

ထိုသို့ သင်ယူမှုပြီးဆုံးပါက စာမေးပွဲမေးခွန်းဖြေဆိုနိုင်ရန်အတွက် မေးခွန်းဟောင်းများကို လေ့ကျင့်ရပါမည်။ 

မေးခွန်းဟောင်းလေ့ကျင့်မှုအားနည်းပါက စာရပါသော်လည်း စာမေးပွဲမဖြေနိုင်ဖြစ်တတ်ပြီး စာမေးပွဲမအောင်မြင်ဖြစ်တတ်ပါသည်။ 
-------------------------------------------------------------------------------------
အခြေခံအဆင့် (ဒုတိယပိုင်း) ​N4 Level ကို 
သင်ယူသင့်သောသူဆိုသည်မှာ...

ဂျပန်စာအခြေခံအဆင့်(ပထမပိုင်း) N5 Level ကို သင်ယူပြီးမြောက်ထားသောသူဖြစ်ရပါမည်။ ဂျပန်နိုင်ငံတွင် ကျောင်းတက်ရောက်လိုသောသူ၊ ဂျပန်နိုင်ငံတွင် Tokutei ကျွမ်းကျင်လုပ်သားအဖြစ်သွားရောက် အလုပ်လုပ်ရန် ဆုံးဖြတ်ထားသူများသည် အနည်းဆုံးဂျပန်စာကို အ​ခြေခံအဆင့် (ဒုတိယပိုင်း) N4 Level အထိ တက်ရောက်ထားသင့်ပါသည်။ 

N4 အဆင့်သည် N5 အဆင့်ထက်အနည်းငယ် ခက်ခဲမှုများရှိပါသည်။ 
N4 အဆင့်အတွက် သတ်မှတ်ထားသော ဖတ်စာအုပ်တစ်အုပ်အုပ်ကို သင်ယူရပါမည်။ အနည်းငယ်ခက်ခဲသော သဒ္ဒါပုံစံများကို သင်ယူရပါမည်။ 
တရုတ်စာလုံး ခန်းဂျိများလည်း ယခင်ကထက် ၂ ဆခန့် လေ့လာရပါမည်။  
ခန်းဂျိအလုံး ၂၀၀ ခန့်ကို သင်ယူရပါမည်။ 

ထိုသို့ သင်ယူမှုပြီးဆုံးပါက စာမေးပွဲမေးခွန်းဖြေဆိုနိုင်ရန်အတွက် မေးခွန်းဟောင်းများကို လေ့ကျင့်ရပါမည်။ 

မေးခွန်းဟောင်းလေ့ကျင့်မှုအားနည်းပါက စာရပါသော်လည်း စာမေးပွဲမဖြေနိုင်ဖြစ်တတ်ပြီး စာမေးပွဲမအောင်မြင်ဖြစ်တတ်ပါသည်ကို လုံးဝမ​မေ့ပါနဲ့။ 

အထူးကျွမ်းကျင်လုပ်သား Tokutei ဖြင့်ဂျပန်သွားလိုသောသူများသည် JLPT - N4 Level စာမေးပွဲကို အောင်မြင်ပြီးမှသာ Tokutei ကျွင်းကျင်လုပ်သားနှင့် သက်ဆိုင်သော စာမေးပွဲကို ဖြေဆိုနိုင်မည်ဖြစ်သောကြောင့် JLPT - N4 အဆင့်စာမေးပွဲကို သေချာပေါက်အောင်မြင်ထားရမည်ဖြစ်သည်။ ယခုအခြေအနေအထိ အခြားစာမေးပွဲအောင်လက်မှတ်များကို လက်မခံသေးပါ။ 
-------------------------------------------------------------------------------------
အလယ်အဆင့် (​N3 Level) ကို 
သင်ယူသင့်သောသူဆိုသည်မှာ...

ဂျပန်စာအခြေခံအဆင့်(ဒုတိယပိုင်း) N4 Level ကို သင်ယူပြီးမြောက်ထားသောသူဖြစ်ရပါမည်။ ဂျပန်နိုင်ငံတွင် ကျောင်းတက်ရောက်လိုသောသူ၊ ဂျပန်နိုင်ငံတွင် Tokutei ကျွမ်းကျင်လုပ်သားအဖြစ်သွားရောက် အလုပ်လုပ်ရန် ဆုံးဖြတ်ထားသူများသည် အလယ်အဆင့် (N3 Level) ကို ဆက်လက်တက်ရောက်ထားပါက အင်တာဗျူးများတွင် အခြားသူများထက် သာလွန်သောအခြေအနေ၊ ကောင်းမွန်သောရလဒ်ကို ရရှိနိုင်ပါသည်။ 

​N3 Level သည် အ​တော်အတန်ခက်ခဲသောအဆင့်ဖြစ်ပါသည်။ 
ယခင် N5, N4 အဆင့်တွင် စာအုပ်တစ်အုပ်ကိုသာ သင်ယူရန်လိုသော်လည်း N3 အဆင့်တွင် သင်ယူရမည့်စာအုပ်များသည် ၅ အုပ်ခန့်ဖြစ်လာပါမည်။ စာအုပ်အမျိုးအစားများလည်း များပြားလာပါသည်။ လွယ်ကူသောစာအုပ်အတွဲများရှိသလို၊ အတန်ငယ်ခက်ခဲသောစာအုပ်အတွဲများလည်း ရှိပါသည်။ 

အောင်မှတ်ရရုံအတွက်သာ လုပ်ဆောင်မည်ဆိုပါက NIHONGO SO-MATOME စာအုပ်များကိုဖတ်ရှုနိုင်ပါသည်။ သို့သော် စာကို သေသေချာချာ လေ့လာမှတ်သားလိုပါက SHIN KANZEN MASTER စာအုပ်အတွဲများကိုလေ့လာနိုင်ပါသည်။ အချို့သောကျောင်းသားများသည် SHIN KANZEN MASTER နှင့် NIHONGO SO-MATOME နှစ်မျိုးလုံးကို တွဲပြီးဖတ်ရှုလေ့လာကြပါသည်။ ခန်းဂျိစာလုံး အလုံး ၃၀၀ကျော် မှတ်သားလေ့လာရန်လိုအပ်ပါသည်။  

N3အဆင့်ကို အောင်မြင်ပြီးသောသူများအတွက် ဂျပန်သို့ ကျောင်းဖြင့်သွားသည်ဖြစ်စေ၊ အလုပ်ဖြင့်သွားသည်ဖြစ်စေ၊ မြန်မာနိုင်ငံတွင် ဂျပန်နှင့်ပတ်သက်သည့်အလုပ်များတွင်ဖြစ်စေ ဝင်ရောက်လုပ်ကိုင်နိုင်ပြီဖြစ်ပါသည်။ N3 အဆင့်သည် ခက်ခဲသော်လည်း အမှတ်တကယ်ကြိုးစားသူအဖို့ အောင်မြင်နိုင်ပြီး၊ ဂျပန်စာဖြင့် ဝင်ငွေရှာနိုင်ရန် လမ်းစပွင့်သွားပြီဖြစ်ပါသည်။ ထို့ကြောင့် N3 အဆင့်ကို အောင်မြင်အောင် ကြိုးစားရန် တိုက်တွန်းအပ်ပါသည်။ 
-------------------------------------------------------------------------------------
အထက်အဆင့်-အကြို (​N2 Level) ကို 
သင်ယူသင့်သောသူဆိုသည်မှာ...

ဂျပန်စာအလယ်အဆင့်(N3 Level) ကို သင်ယူပြီးမြောက်ထားသောသူ၊ အောင်​မြင်ပြီးထားသောသူဖြစ်ရပါမည်။ ဂျပန်နိုင်ငံတွင် Work Permit ဖြင့်သွားရောက် အလုပ်လုပ်ရန် ဆုံးဖြတ်ထားသူများ၊ မြန်မာနိုင်ငံရှိ ဂျပန်နှင့်ပတ်သက်သည့်လုပ်ငန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လိုသူများ၊ ဂျပန်စာဖြင့်အသက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူများ၊ ဂျပန်စာကို ရူးသွပ်သူများသည် အထက်အဆင့် - အကြို (N2 Level) ကို ဆက်လက်တက်ရောက်သင့်ပါသည်။ 

​N2 Level သည် ခက်ခဲသောအဆင့်ဖြစ်ပါသည်။ 
N2 အဆင့်သို့ရောက်ရှိလာသောသူများသည် ဂျပန်စာနှင့် ပတ်သက်ပြီး ရည်မှန်းချက်ကြီးမားသူများ၊ ကြိုးစားလိုစိတ်ရှိသူများ၊ မိမိဘဝတိုးတက်လိုသူများ၊ ဂျပန်စာနှင့် ဝင်ငွေရှာမည့်သူများ၊ ဂျပန်စာကို ရူးသွပ်သူများဖြစ်သောကြောင့် ထူးထူးထွေထွေ ပြောစရာမလိုတော့ပါ။ သင်ယူရမည့်စာအုပ်များလည်း များပြားလှပါသည်။ 

အချိန်ရလျှင် ရသလို ​ကြိုးစားရန်သာတိုက်တွန်းအပ်ပါသည်။ ခန်းဂျိများလည်း အလုံး တစ်ထောင်ကျော်လေ့လာရန်လိုပါသည်။ စာမေးပွဲမေးခွန်းများကို ဖြေဆိုရာတွင် မြန်မာတစ်ယောက်၏စိတ်ကူးစိတ်သန်း၊ ဆုံးဖြတ်ချက်၊ အကြံအစီဖြင့် မဆုံးဖြတ်ပဲ ဂျပန်တစ်ယောက်၏ စိတ်ကူးစိတ်သန်း၊ ဆုံးဖြတ်ချက်ကို သိအောင်လုပ်ပြီး မေးခွန်းကို ဖြေဆိုရန်အကြံပြုအပ်ပါသည်။ 

N2 အဆင့်အောင်မြင်ပြီးပါက သင်သည် ဂျပန်စာမေးပွဲနှင့်ပတ်သက်ပြီး ဆရာကြီးတစ်ယောက်ဖြစ်လာတော့မည်ဖြစ်ပါသည်။ N2 စာမေးပွဲ အောင်မြင်သွားသော သင့်အား 
おめでとうございます。ဟု ဂုဏ်ပြုစကားကြိုတင်ပြောကြားလိုက်ပါရစေ။ 
-------------------------------------------------------------------------------------
အထက်အဆင့် (​N1 Level) ကို 
သင်ယူသင့်သောသူဆိုသည်မှာ...

ဂျပန်စာနှင့်ပတ်သက်ပြီး ဆရာကြီးတစ်ဆူဖြစ်လိုသောသူများ ဖြေဆိုသင့်ပါသည်။ ဆရာကြီးဖြစ်လာမည့်သူအတွက် မည်သို့မျှမှတ်ချက်ပေးရန် မလိုပါ။ ဆက်လက်ကြိုးစားရန်သာ အားပေးလိုက်ပါရစေ။ ဂျပန်စာကို မိမိကြိုးစားခဲ့သလို အခြားသူများကိုလည်း ကြိုးစားလာစေရန်၊ လက်တွဲခေါ်ဆောင်ပေးပါရန် အ​ကြံပြုအပ်ပါသည်။ 

ありがとうございます。
ဆရာဆက်ပိုင် (ERIN)

0 Comments:

Post a Comment