မိတ်ဆွေမစစ်တဲ့ ကျီးကန်းပုံပြင်
တစ်ခါတုန်းက ပင်လယ်ကမ်းစပ်အနီးမှာ ကျီးကန်းတစ်ကောင် နေထိုင်သတဲ့။ တစ်နေ့ ကျီးကန်းဟာ ပင်လယ်ကမ်းစပ်နားက ကျောက်ဆောင်ပေါ်မှာ နားပြီး ပင်လယ်ကြီးကို ကြည့်ကာ စဉ်းစားမိသတဲ့။ “ငါ... ကုန်းပေါ်က အစာတွေကို စားနေရတာ ကြာပြီ။ ပင်လယ်ထဲက စားစရာတွေကို စားရရင် သိပ် ကောင်းမှာပဲ”လို့တွေးနေတာပေါ့။ အဲဒီအချိန်မှာ ကျီးကန်း နားနေတဲ့ ကျောက်ဆောင်ကြားမှာ နေထိုင်တဲ့ ကဏန်း ကြီးတစ်ကောင်ထွက်လာပြီး အစာရှာဖွေစားနေတာကို ကျီးကန်းက တွေ့လိုက်ရသတဲ့။ ဒီတော့ ပင်လယ်ထဲက အစာကို စားချင်တဲ့ ကျီးကန်းက ကဏန်းကို မိတ်ဆွေဖွဲ့ လိုက်ပါတယ်။ “မိတ်ဆွေ ကဏန်း.. ကျွန်ုပ်က ပင်လယ်ကမ်းစပ် က သစ်ပင်မှာနေထိုင်တဲ့သူဖြစ်ပါတယ်။နေ့စဉ်ကုန်းပေါ် က အရသာရှိတဲ့ စားစရာတွေကို အမြဲတမ်းစားနေရသူဖြစ်ပါတယ်။ အသင်စားလိုပါက ယူဆောင်ကျွေးပါ့မယ်” လို့ ကဏန်းကို ပြောလိုက်သတဲ့။ ကျီးကန်းစကားကို ကြားတော့ ကဏန်းလည်း စိတ်ဝင်စားသွားတာပေါ့ကွယ်။ ဒီတော့ ကဏန်းက ကျီးကန်းကို ပြောလိုက်တာပေါ့။ "မိတ်ဆွေ ကျီးကန်း... အသင် စားနေတဲ့ ကုန်းပေါ်က စားစရာတွေကို စားချင်ပါတယ်။ ကျွန်ုပ် လည်း ပင်လယ်ထဲက စားစရာတွေကို အသင်စားဖို့ ရှာဖွေပေးပါ့မယ်" ။
အဲဒီလိုနဲ့ ကဏန်းဟာ ပင်လယ်ထဲက စားစရာ တွေကို နေ့စဉ် ရှာဖွေပြီး ကျီးကန်းကို ကျွေးတာပေါ့။ ကျီးကန်းကတော့ သူစားချင်တဲ့ ပင်လယ်ထဲက စားစရာ တွေကို စားနေရလို့ ပျော်ရွှင်နေတာပေါ့ကွယ်။ ဒီလိုနဲ့ ကဏန်းနဲ့ ကျီးကန်းဟာ စားစရာတွေ လဲလှယ်စား သောက်ရင်း မိတ်ဆွေအဖြစ် နေသွားကြတာပေါ့။ တစ်နေ့ ကျီးကန်းဟာ ကဏန်းစားဖို့ အစာရှာဖွေရင်း စဉ်းစားမိ ပြန်သတဲ့။ “ငါ ကဏန်းနဲ့ မိတ်ဆွေဖွဲ့ပြီး ပင်လယ်စာတွေ စားနေရတာကြာပြီ။ဒါပေမဲ့ငါကဏန်းကိုအစာရှာမကျွေး ဘဲ ပင်လယ်စာစားရအောင် ကြံမှ ဖြစ်မယ်" လို့ တွေးပြီးထုံးစံအတိုင်း ပင်လယ်ကမ်းစပ်က ကျောက်ဆောင်ပေါ် မှာ နားပြီး ကဏန်းကို မျှော်နေတာပေါ့။
အဲဒီအချိန်မှာ ကဏန်းက မိတ်ဆွေဖြစ်တဲ့ကျီးကန်းစားဖို့ စားစရာတွေ ကို ရှာဖွေပြီး ကျွေးလိုက်သတဲ့။ "မိတ်ဆွေ ကျီးကန်းလေး... စားလို့ကောင်းရဲ့ လား၊ ကျွန်ုပ်စားဖို့ရော ကုန်းပေါ်ကစားစရာတွေပါခဲ့လား" ကဏန်းရဲ့အမေးစကားကိုကြားတော့ကျီးကန်း- "မိတ်ဆွေကဏန်း၊ အသင်စားဖို့ အစာရှာဖွေ ပေမဲ့လည်း မရခဲ့သေးပါ" လို့ပြောလိုက်သတဲ့။ ဒီတော့ ကဏန်းက- “မိတ်ဆွေကျီးကန်းလေး... ကျွန်ုပ် စားဖို့ စား စရာမပါပေမဲ့ ကျွန်ုပ်ကျွေးတဲ့ စားစရာကိုတော့ စားပါ” လို့ပြောဆိုလိုက်သတဲ့။
ဒီလိုနဲ့ ကျီးကန်းဟာကဏန်းစား ဖို့ စားစရာကို ရှာမလာတော့ဘဲ ကဏန်းကကျွေးတဲ့ ပင်လယ်စာကိုပဲ စားနေတာပေါ့ကွယ်။ အဲဒီအချိန်မှာ စင်ရော်လေးတစ်ကောင်ကကျီးကန်းရဲ့ အပြုအမူကို တွေ့ မြင်သွားပြီး ကဏန်းကို သတိပေးပြောဆိုလိုက်သတဲ့။ "မိတ်ဆွေကဏန်း… အသင် မိတ်ဆွေဖွဲ့ထား တဲ့ ကျီးကန်းက စိတ်ထားကောက်ကျစ်သူဖြစ်လို့ သတိ ထားပြီးနေထိုင်ပါ” လို့ ပြောလိုက်သတဲ့။
စင်ရော်လေးရဲ့ စကားကို ကြားတော့ ကဏန်းဟာထင်ယောင်ထင်မှားဖြစ် သွားပြီး- "မိတ်ဆွေစင်ရော်လေး... ကျွန်ုပ်နဲ့ ကျီးကန်း လေးရဲ့ မိတ်ဖွဲ့ထားမှုကို ပျက်ပြားအောင် မလုပ်ပါနဲ့" လို့ ပြောလိုက်သတဲ့။ ဒီတော့ စင်ရော်လေးက- “မိတ်ဆွေကဏန်း... ကျွန်ုပ် သင်နဲ့ ကျီးကန်း လေးကို စိတ်ဝမ်းကွဲပြားအောင် ပြောဆိုခြင်း မဟုတ်ပါ။
အသင့်မိတ်ဆွေ ကျီးကန်းရဲ့ စိတ်ထားအမှန်ကို သိအောင် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ အသင်ကဏန်း မယုံကြည် ရင် အခြေအနေကို စောင့်ကြည့်ပါ" စင်ရော်လေးစကားကို ကြားတော့ ကဏန်း လည်း သောင်ပြင်ပေါ်က ကျောက်တုံးကြီးဘေးမှာပုန်း ပြီး ကျီးကန်းအခြေအနေကို စောင့်ကြည့်တာပေါ့ကွယ်။ ကျီးကန်းကတော့ ကဏန်းကြည့်နေတာကိုမသိဘဲရှာဖွေ ရရှိလာတဲ့ အသားတုံးတွေကို စားသောက်နေတာပေါ့။
ကဏန်းလည်း ကျီးကန်းရဲ့ အပြုအမူကိုတွေ့ပြီးတဲ့ နောက် ပင်လယ်ကျောက်ဆောင်ဆီ ပြန်သွားတာပေါ့ ကွယ်။ အဲဒီအချိန်မှာ ကျီးကန်းဟာ ပင်လယ်စာစားဖို့ ကဏန်းနေတဲ့ ကျောက်ဆောင်ဆိုရောက်လာပြီး ကဏန်းကို- “မိတ်ဆွေကဏန်း… ကျွန်ုပ် မိတ်ဆွေစားဖို့ အသားတုံးရအောင်ကြံဆောင်ပေမဲ့ မရှိခဲ့ပါ” လို့ပြော သတဲ့။
ဒီတော့ ကဏန်းက- "မိတ်ဆွေကျီးကန်း... ကျွန်ုပ် စားဖို့ စားစရာ မပါလည်းကျွန်ုပ် သင့်အတွက်ကျွေးပါ့မယ်" လို့ပြောဆို ပြီး ကျီးကန်းကို ပင်လယ်စာတွေ ကျွေးတာပေါ့ကွယ်။ ကျီးကန်းက ကဏန်းကျွေးသမျှကို စားပြီးတဲ့နောက်- မိတ်ဆွေကဏန်း... အသင်ကျွေးသမျှ စား သောက်ရလို့ ဝမ်းဝသွားပါပြီ။ ကျွန်ုပ် နေထိုင်တဲ့နေရာ ကိုလိုက်ကြည့်လှည့်ပါ” လို့ ကဏန်းကို ဖိတ်ခေါ်လိုက် သတဲ့။
ဒီတော့ ကဏန်းက စင်ရော်လေးစကားကို သတိ ရသွားပြီး ကျီးကန်း ခေါ်ဆောင်ရာနောက်ကို လိုက်ခဲ့ တာပေါ့ကွယ်။ ကျီးကန်းကတော့ ပင်လယ်စာတွေ စား ပြီး အရသာတွေ့သွားလို့ ကဏန်းသားစားဖို့ ကြံနေ တာပေါ့။ ဒီလိုနဲ့ ပင်လယ်ကမ်းစပ်က သောင်ပြင်ပေါ် ကို ရောက်တော့ ကျီးကန်းက- “မိတ်ဆွေကဏန်း... ကျွန်ုပ် အခုမှ ကဏန်း သားကို ဝဝလင်လင် စားသောက်ရတော့မယ်" လို့ပြော လိုက်သတဲ့။
ဒီတော့ ကဏန်းက ကျီးကန်းရဲ့ စိတ်ထား ကောက်ကျစ်မှုကို သဘောပေါက်သွားပြီး- “မိတ်ဆွေကျီးကန်း... အသင်ကျွန်ုပ်ရဲ့အသား ကိုစားရင် တစ်ခါသာ စားသုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကဏန်းသား များများစားရမယ့် နေရာကို ကျွန်ုပ် တိုးတိုးလေး ပြောပြပါ့မယ်" လို့ ဆိုသတဲ့။ ဒီတော့ ကျီးကန်းလည်း ကဏန်းသားအများ ကြီး စားရမှာကို တွေးပျော်သွားပြီး ကဏန်းပြောတာ ကို နားထောင်ဖို့ အနားကို တိုးကပ်ပြီး သွားတာပေါ့ ကွယ်။
အဲဒီအချိန်မှာ ကဏန်းက သူ့ရဲ့သန်မာတဲ့လက်မ ကြီး နှစ်ဖက်နဲ့ ကျီးကန်းရဲ့ လည်ပင်းကို ညှပ်ထားလိုက် သတဲ့။ ဒီတော့မှ ကျီးကန်းလည်း ကြောက်ရွံ့သွားပြီး ကဏန်းကို တောင်းပန်တာပေါ့။ ဒါနဲ့ ကဏန်းက- "အသင် ကျီးမိုက်… အသင်ဟာ တစ်ပါးသူရဲ့ ပြုဖူးတဲ့ ကျေးဇူးကို မေ့လျော့ပြီး စိတ်ထားကောက်ကျစ် တာကြောင့် အသင့်ကို အလိုမရှိတော့ပါ” ကဏန်းစကားကိုကြားတော့ ကျီးကန်းလည်း ကြီးစွာနောင်တရသွားတာပေါ့။
ဒါပေမဲ့ ကဏန်းရဲ့ သန်မာတဲ့ လက်မကြီးရဲ့ဒဏ်ကြောင့် ကျီးကန်းဟာ သောင်ပြင်ပေါ်မှာ အသ.က်ဆုံးပါးသွားရတာပေါ့ကွယ်။ ဒီပုံပြင်လေးကိုဖတ်ပြီး ကျီးကန်းဟာ မကောင်းတဲ့စိတ်ထားရှိတဲ့အတွက် နောက်ဆုံးမှာ ဘေးဒုက္ခတွေပဲရရှိတာပေါ့ကွယ်။ဒါကြောင့်သားသား၊ မီးမီးတို့က ကဏန်းလို စိတ်ကောင်းစိတ်ရှိတဲ့ သူတစ်ယောက်ဖြစ်အောင် သင်ခန်းစာယူ နေထိုင်ကြရမယ်ဆိုတာပဲ။
မူရင်းတင်သူကို Credit ပေးပါတယ်။
0 Comments:
Post a Comment