• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Sunday, May 25, 2025

ရန်ကုန်လေဆိပ်ကနေ ဂျပန်သွားနည်း

May 25, 2025 // by Sayar Setpaing // // No comments


 ရန်ကုန်လေဆိပ်ကနေ ဂျပန်သွားနည်း

# International လေကြောင်းလိုင်းကို စီးမည့်ခရီးသည်များသည်လေယာဉ်ထွက်ခွာချိန်မတိုင်မီ လေဆိပ်ကိုအနည်းဆုံး ၂ နာရီခွဲကြိုတင်ရောက်ရှိရမယ်။

# ပတ်စ်ပို့၊ COE ၊ လေယာဉ်လက်မှတ်တို့ကို သေချာစွာ(မမေ့မလျော့) ယူဆောင်လာခဲ့ရပါမယ်။
-----------------------------------------------------------------------------------
မြန်မာလေဆိပ်တွင်ပြုလုပ်ရန်များ
၁။ လေဆိပ်ထဲသို့ဝင်ရောက်ခြင်း
၂။ အဝင်စစ်ဆေးမှုပြုလုပ်ခြင်း
၃။ CHECK IN ပြုလုပ်ခြင်း
၄။ အမှတ်တရ ဓါတ်ပုံရိုက်ခြင်း
၅။ မြန်မာလဝကကိုဖြတ်​ကျော်ခြင်း
၆။ လေယာဉ်စီးမည့်ဂိတ်တွင်စောင့်ဆိုင်းခြင်း
၇။ လေယာဉ်အတွင်းသို့ဝင်ရောက်ခြင်း

TRANSIT လေဆိပ်တွင်ပြုလုပ်ရန်
၁။ လေယာဉ်မှ ဆင်းသက်ခြင်း
၂။ TRANSIT ပြုလုပ်ခြင်း
၃။ အဝင်စစ်ဆေးမှုပြုလုပ်ခြင်း
၄။ လေယာဉ်စီးမည့်ဂိတ်တွင်စောင့်ဆိုင်းခြင်း
၅။ လေယာဉ်အတွင်းသို့ဝင်ရောက်ခြင်း

ဂျပန်လေဆိပ်တွင်ပြုလုပ်ရန်
၁။ ​လေယာဉ်မှဆင်းသက်ခြင်း
၂။ ဂျပန်လဝကကိုဖြတ်​ကျော်ခြင်း
၃။ မိမိခရီးဆောင်အိတ်ကိုယူဆောင်ခြင်း
၄။ ဂျပန်အကောက်ခွန်ကိုဖြတ်​ကျော်ခြင်း
၅။ လေဆိပ်မှာလာကြိုသူကို ရှာဖွေခြင်း
၆။ ဂျပန်သို့အောင်မြင်စွာရောက်ရှိခြင်း


# ပြည်ပထွက်ခွာဆိုသည့်ဂိတ်ပေါက်မှ ​လေဆိပ်ထဲသို့ဝင်ရောက်ပါ။ ယူဆောင်လာသော လက်ဆွဲအိတ်ကို X-Ray စက်ထဲထည့်ပါ။ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နှင့်လက်ထဲတွင်ယူဆောင်လာသောအရာများကို သတ်မှတ်ထားသော ထည့်စရာခွက်ထဲထည့်ပါ။

# လုံခြုံရေးဝန်ထမ်းတွေက လက်ဆွဲအိတ်တွေကို X-Ray စက်ဖြင့် စစ်ဆေးပြီး၊ လူကို လက်နှစ်ဖက်ဆန့်ခိုင်းပြီး Metal Detactor ဖြင့် စစ်ဆေးပါမည်။

# X-Ray စက်ထဲမှထွက်လာသည့် မိမိ၏ခရီးဆောင်အိတ်ကို ပြန်လည်ယူဆောင်ပါ။

- Check-in Counter မှာ ပတ်စ်ပို့နဲ့ ဗီဇာ ကို ပြရပါမယ်။

- လက်ဆွဲအိတ်တွေရဲ့ အလေးချိန်နဲ့ အရွယ်အစားကို ကိုယ်စီးမယ့် လေကြောင်းလိုင်းက သတ်မှတ်ထားတဲ့အတိုင်း လိုက်နာပါ။

- များသောအားဖြင့် ကျောပိုးအိတ်တစ်လုံး၊ Hand Carry အိတ်တစ်လုံးနဲ့ Checked Baggage တစ်လုံးရတာများပါတယ်။

- လေယာဥ်ပေါ် ကိုယ်နဲ့အတူသယ်သွားမယ့် အိတ်ထဲမှာအရည်တွေ အလှကုန်နဲ့ရေမွှေးစတာတွေကို 100ml ထက် ပိုပြီးသယ်လို့ မရပါဘူး။ ဘူးက 200ml ဆိုပေမယ့် အထဲမှာပါတာ 100ml ဆိုလည်း မရပါ။ မီးခြစ်၊ လက်သည်းညှပ်၊ ကပ်ကြေး၊ ဓါး စတာတွေလည်း မရပါ။ လေဆိပ်ပေါ်လိုက်ပြီး မျက်ခုံးမွှးရိတ်တဲ့ ဓါးတောင်မရတာ ရှိပါတယ်။

- Check in လုပ်ပြီးနောက် Xrayနဲ့ အဆင့်ဆင့် စစ်ဆေးပြီးတဲ့အခါ Departure Lounge ကို ဝင်လို့ရပါပြီ။

- ကိုယ်စီးရမယ့် Gate Number ကို အရင်ရှာပါ။ လေယာဥ်လက်မှတ်မှာ ရေးထားလေ့ရှိပါတယ်။

- လေယာဉ်မတက်ခင် ပတ်စပို့နဲ့ လေယာဉ်လက်မှတ် ကို ပြရပါတယ်။ မေ့ကျန်ခဲ့လို့မရပါ။ အထူးသတိထားရပါမယ်။

- Transit လုပ်ရမယ့် လေဆိပ်ကို ရောက်တဲ့အခါမှာ Transit ဆိုတဲ့ စာလုံးကို ရှာပြီး ပြထားတဲ့ မြှားအတိုင်းသွားပါ။

- လမ်းမှာ TV Screen နဲ့ လေယာဥ်နံပါတ်တွေ အများကြီးပြထားတာကို တွေ့ပါလိမ့်မယ်။

- လေယာဥ်ထွက်မယ့်အချိန်အလိုက် အစဥ်လိုက် ဖော်ပြထားလို့ ရှာရသိပ်တော့ မခက်ပါဘူး။ နောက်တစ်ဖြတ် ကိုယ်စီးရမယ့် လေယာဥ်နံပါတ်ကို အဲ့မှာရှာပါ။ တွေ့ရင် ဘေးမှာ Gate Number ရေးထားပါလိမ့်မယ်။ အဲ့ဒီ Gate ကို ညွှန်ပြတဲ့ ဆိုင်းဘုတ်ကို ရှာပြီးသွားပါ။

- ဘန်ကောက်ဆိုရင် လေဆိပ်ထဲမှာတင် ရထားစီးပြီး Terminal ပြောင်းရတာများပါတယ်။

- ဘယ်လိုမှ ရှာမတွေ့ဘူး လမ်းပျောက်တယ်ဆိုရင် တွေ့တဲ့ ဝန်ထမ်းတစ်ယောက်ယောက်ကို လေယာဥ်လက်မှတ်သာ ထိုးပြီး ပြလိုက်ပါ။ လမ်းညွှန်ပေးပါလိမ့်မယ်။

- Gate ကိုတွေ့ပြီဆိုရင်လည်း သေချာအောင် Gate မှာ ရေးထားတဲ့ လေယာဥ်နံပါတ်ကို ကြည့်ပါ။ မတွေ့ရင် မေးပါ။

- ဂျပန်လေဆိပ်ရောက်တဲ့အခါ လေယာဉ်ဆင်းပြီးတာနဲ့ Arrival ဆိုတဲ့ လမ်းညွှန်အတိုင်းသွားပါ။

- Immigration ကို အရင်ဖြတ်ရပါမယ်။

- COE နဲ့ Passport ပြရပါမယ်။

- ပုံမှန်ဆိုရင်တော့ အထွေအထူးမေးလေ့မရှိပေမယ့် လူဝင်မှုကြီးကြပ်ရေးအရာရှိက နေထိုင်တဲ့ကာလ ၊ လာရတဲ့ရည်ရွယ်ချက်နဲ့ ကျောင်းတက်ဖို့ဆိုရင် တခါတရံ မိဘထောက်ပံ့မှုတွေ၊ အလုပ်အကိုင်တွေနဲ့ Showmoney ပြတဲ့ အကြောင်းတွေပါ မေးတတ်ပါတယ်။ တကယ်လို့ မေးလာခဲ့ရင် အရေးအကြီးဆုံးက ကျောင်းလခ ဘယ်သူထောက်ပံ့မှာလဲဆိုရင် ကိုယ့်ကို စပွန်ဆာပေးထားတဲ့သူ အဖေဆိုရင် အဖေ အမေဆိုရင် အမေဆိုပြီး သေချာဖြေပါ။

- ဇိုင်းလျူးကဒ်ထုတ်ပေးပါလိမ့်မယ်။ ကိုယ့်နာမည်နဲ့ မွေးသက္ကရာဇ်၊ ကျားမ မှန်မမှန်သေချာကြည့်ပါ။

- ကဒ်နောက်ကျောမှာ ၂၈နာရီ အလုပ်လုပ်ခွင့်တုံးထုထားပေးသလား သေချာကြည့်ပါ။ အဲဒါမပါရင် အလုပ်လုပ်လို့ မရတာမလို့ လဝကကို တစ်ခေါက်ပြန်သွားရပါလိမ့်မယ်။

- အဲဒါပြီးရင်တော့ ဂျပန်နိုင်ငံကို အောင်မြင်စွာ ဝင်ရောက်နိုင်ပါပြီ။

- လှေကားကနေဆင်းပြီး Baggage Claim Area ကို သွားပါ။ ဘယ်မှာယူရမလဲဆိုတာကို နောက်ထပ် TV Screen နဲ့ ပြပေးထားပါလိမ့်မယ်။ ကိုယ့်လေယာဥ်နံပါတ်ကို ရှာပြီး အဲ့လေယာဥ်နံပါတ်ဘေးမှာ ပြထားတဲ့ နံပါတ်မှာ ယူရပါမယ်။

- နောက်တစ်ခုက Custom Declaration လို့ခေါ်တဲ့ အကောက်ခွန်တင်ပြခြင်းဆိုတဲ့ စာရွက်ကို ဖြည့်ရပါမယ်။ အဲ့မှာ အိမ်လိပ်စာ ဖြည့်ရမှာမလို့ ကိုယ်နေရမယ့် လိပ်စာကို မလာခင် ကြိုမေးထားပါ။

- Custom Declaration စာရွက်ကို ဖြည့်ပြီးမှ ကိုယ့်အိတ်ကို ယူဖို့ အကြံပေးချင်ပါတယ်။

ဘာလို့လဲဆိုတော့ .........

- မြန်မာကနေ သယ်လာသမျှဟင်းတွေကို အနံ့ခံပြီး အပြတ်ရှင်းပြစ်မယ့် ခွေးကလေးက အသင့်စောင့်ကြိုနေမှာမလို့ပါ။

- အိတ်တိုင်းကို လိုက်နမ်းနိုင်တာမဟုတ်လို့ ရသလောက် လည်လည်ပတ်ပတ်ရှောင်ပါ။ ချစ်စရာလေးဆိုပြီး အနားသွားကပ်ရင်တော့ ဟိုက အနမ်းပေးပြီး မြန်မာကဟင်းတွေ အပြုတ်ဖြုတ်ပြစ်လိုက်ပါလိမ့်မယ်။

- ဒီအဆင့်ပြီးရင်တော့ ၁၀၀ရာခိုင်နှုန်းအောင်မြင်စွာ ရောက်ရှိပါပြီ။

- အဲ့ဒီနောက်မှာတော့ ဂျပန်နိုင်ငံမှာ မက်ချင်တဲ့ အိမ်မက်တွေကို စတင်လို့ရပါပြီ။

0 Comments:

Post a Comment